နေပူထဲက ပြန်လာခါစအချိန်မှာ မလုပ်သင့်တဲ့ အရာ (၅) ခု
ရာသီဥတု အရမ်းပူတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ Homeostasis ဖြစ်စဉ်က အပူအအေးမျှတစေဖို့ သဘာဝအတိုင်း ထိန်းညှိပေးလေ့ရှိပါတယ်။ ဒါပေမယ့် နေပူထဲက ပြန်လာခါစ လုပ်မိတဲ့ တချို့ အပြုအမူတွေဟာ ဒီဖြစ်စဉ်ကို ထိခိုက်နိုင်ပြီး အပူလျှပ်တာနဲ့ Heat Stress တွေကို ခံစားရနိုင်တာကြောင့် အသက်အန္တရာယ် ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီတော့ နေပူထဲက ပြန်လာပြီးချင်း မလုပ်သင့်တဲ့ အချက်တွေကို ပြောပြပေးချင်ပါတယ်။
(၁) ရေတန်းချိုးတာကို ရှောင်ပါ
နေပူထဲက ပြန်လာချင်းမှာ ရေတန်းချိုးတာက အပူအအေး ထိန်းညှိတဲ့ ဖြစ်စဉ်ကို ထိခိုက်နိုင်ပြီး သွေးကြောတွေကို ကျဉ်းစေနိုင်ပါတယ်။ ဒီအချိန်မှာ အပူလျှပ်တာနဲ့ လေဖြတ်တာတွေကို ဖြစ်စေနိုင်တဲ့အပြင် ဦးနှောက်သွေးကြောပြတ်တာအထိ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် နေပူထဲက ပြန်လာချိန်မှာ နေရိပ်တဲ့နေရာ၊ အေးတဲ့နေရာမှာ ခဏ အနားယူပြီး ချွေးတိတ်အောင် စောင့်ပြီးမှ ရေချိုးသင့်ပါတယ်။
(၂) အရက်မသောက်ပါနဲ့
အရက်ကြောင့် ဆီးသွားများစေသလို ရေဓါတ်ခမ်းခြောက်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ နေပူတဲ့အချိန်မှာလဲ ချွေးထွက်များခြင်းကြောင့် ရေဓါတ်ခမ်းခြောက်ခြင်း ဖြစ်စေနိုင်ပြီး အရက်ကြောင့် ရေဓါတ်ကို ပိုဆုံးရှုံးစေတာကြောင့် ပင်ပန်းနွမ်းနယ်တာနဲ့ အားနည်းတာတွေကို ပိုခံစားရနိုင်ဖွယ်ရှိပါတယ်။ ဒါ့ကြောင့် နေပူထဲက ပြန်လာချင်းမှာ ခဏနားပြီးမှပဲ အရက်ကို သောက်ပေးပါ။ အရက်သောက်ပြီးနောက်မှာ ရေကိုလဲ များများသောက်ပေးဖို့ အရေးကြီးပါတယ်။
(၃) အရမ်းအေးတဲ့ အခန်းထဲကို တန်းမဝင်ပါနဲ့
နေပူထဲက ပြန်လာချိန်မှာ အပူချိန် အရမ်းကွာလွန်းတဲ့ အဲယားကွန်းအခန်းထဲကို တိုက်ရိုက်ဝင်တာဟာ အပူအအေး မမျှတမှုကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ့ကြောင့် နေပူထဲက ပြန်လာပြီးနောက်မှာ အခန်းအပူချိန်ကို အနည်းငယ်ပဲ အေးအောင်ထားပြီး ဖြေးဖြေးချင်း အပူချိန်ကို လျှော့ချတာက ပိုသင့်တော်တဲ့ နည်းလမ်းဖြစ်ပါတယ်။
(၄) ကော်ဖီ၊ ဆိုဒါ ပါဝင်တဲ့ အရည်တွေကို သတိထားပါ
ကဖင်းပါဝင်မှုများတဲ့ ကော်ဖီ၊ ဆိုဒါပါဝင်တဲ့ အရည်တွေဟာ ဆီးသွားတာကို များစေပြီး ရေဓါတ်ခမ်းခြောက်တာကို ပိုဆိုးစေနိုင်ပါတယ်။ နွေရာသီမှာ ဒီလို အရည်တွေအစား ရိုးရိုးရေ၊ Energy Drink ၊ Sport Drink တွေနဲ့ ဓါတ်ဆားရည်လို အရည်မျိုးကို များများသောက်ပေးဖို့ လိုပါတယ်။
(၅) ရေခဲရေ တန်းသောက်တာမျိုး မလုပ်ပါနဲ့
အများစုက နေပူထဲက ပြန်လာရင် ရေခဲရေ အေးအေးလေးသောက်လိုက်မှ အမောပြေကြပါတယ်။ အရမ်းအေးခဲလွန်းတဲ့ ရေဟာ ခဏတာ အမောကို ပြေစေပေမယ့် နေပူထဲက ပြန်လာချင်းမှာ သောက်ရင်တော့ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တွေပေါ်မှာ ဆိုးကျိုးသက်ရောက်နိုင်တာကြောင့် အန္တရာယ်ရှိနိုင်ပါတယ်။
အထူးသဖြင့် အသက်အရွယ်ကြီးတဲ့သူတွေ၊ နာတာရှည် ရောဂါအခံရှိတဲ့သူတွေ၊ ကလေးငယ်တွေ၊ အဝလွန်တဲ့ လူငယ်တွေ၊ နေပူထဲမှာ လုပ်ရတဲ့ သူတွေအနေနဲ့ အပူလျှပ်တာနဲ့ တခြားပြဿနာတွေ ကြုံရနိုင်ဖွယ် ပိုများလို့ အထူးသတိပြုဖို့ လိုပါတယ်။ တကယ်လို့ နေပူထဲက ပြန်လာပြီးနောက် နှလုံးခုန်နှုန်းတွေ မြန်နေမယ်၊ ခေါင်းတွေထိုးပြီးကိုက်နေမယ်၊ ခေါင်းမူးမယ်၊ အော့အန်မယ်၊ သတိလစ်မယ် စတဲ့ လက္ခဏာတွေ ဖြစ်ပြီဆိုရင် အသက်အန္တရယ် စိုးရိမ်ရတာမို့ နီးစပ်ရာ မပေါ့ဆပဲ ဆေးခန်းကို သွားဖို့လိုကြောင်း ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)